+959251027511  ·  lionlegallawfirm@gmail.com

ဆောင်းပါးကဏ္ဍ

တရားဝင် အကျိုးဆောင်တို့၏ အေဂျင်စီ ဘီဇနက်အခွင့်အရေး၊

ဆောင်းပါးများ

တရားဝင် အကျိုးဆောင်တို့၏ အေဂျင်စီ ဘီဇနက်အခွင့်အရေး၊


တရားဝင် အကျိုးဆောင်တို့၏ အေဂျင်စီ ဘီဇနက်အခွင့်အရေး၊ 

  • (အုပ်ချုပ်ရေးဌာနများအပေါ် စုံစမ်းမေးမြန်းခွင့် နှင့် လျှောက်ထားဆောင်ရွက်ခွင့် စည်းမျဉ်း)


ရှေ့နေနှင့် တရားဝင် အကျိုးဆောင် ဘာကွာသလဲ ။ ဘာအခွင့်အရေးတွေ ခြားနားမလဲ။

(A Socio-Legal & Comparative Analysis on Agency Business Rights, Statutory Inquiry, and Professional Representation)

ခေတ်အမြင် ဆောင်းပါး — ၁၃ စက်တင်ဘာ ၂၀၂၆

                                            •  ဒေါက်တာဖိုးဖြူ (ကော်ပိုရိတ် ဥပဒေကျင့်သုံးမှုရေးရာ ဒါရိုက်တာ)  
                                            • D.Litt (Law), LL.M (UK) 
                                            • လူမှု-ဘောဂ-ဥပဒေရေးရာ စီမံခန့်ခွဲမှု ပါရဂူ (SocioEcoLex Strategist)

           အစိုးရ အုပ်ချုပ်ရေးနှင့် မှတ်ပုံတင်ဌာန ရုံးတံခါးဝများတွင် “ပွဲစားနှင့် ရှေ့နေများ ဝင်ရောက်ခွင့်မပြု” ဟူသည့် ဆိုင်းဘုတ်များကို မြင်တွေ့သည့်အခါ ပြည်သူများအကြားတွင် ဝေခွဲမရဖြစ်တတ်သည့် မေးခွန်းတစ်ခု ရှိပါတယ်။

"ရှေ့နေ (Advocate/Pleader) နှင့် တရားဝင် အကျိုးဆောင် (Licensed Real Estate Agent) တို့သည် မည်သို့ ကွာခြားသနည်း။ ၎င်းတို့တွင် အစိုးရဌာနများအပေါ် မည်သည့် အေဂျင်စီ စီးပွားရေးအခွင့်အရေးနှင့် မည်သို့ စုံစမ်းမေးမြန်းခွင့်များ ရှိကြသနည်း။"

       ဤပညာရှင် နှစ်ရပ်စလုံးသည် လမ်းဘေးတွင် ခွင့်ပြုချက်မဲ့ ရပ်တည်နေသည့် "တရားမဝင် ကြားပွဲစား (Tout)" များ မဟုတ်ကြပါ။ သူတို့နှစ်မျိုးလုံးသည် ဥပဒေအဆင့်အတန်း လုံးဝ မတူကွဲပြားကြသလို၊ သူတို့ အချင်းချင်းကြားတွင်လည်း ဥပဒေပြု အာဏာက အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်နယ်ပယ်ချင်း မတူညီကြပါ။


၁။ ရှေ့နေ နှင့် တရားဝင် အကျိုးဆောင် — မတူကွဲပြားသော ဥပဒေအဆင့်အတန်း

၁.၁။ ရှေ့နေများအတွက် နိုင်ငံတကာ အခြေခံမူ

        ကုလသမဂ္ဂ၏ ရှေ့နေများ အခန်းကဏ္ဍဆိုင်ရာ အခြေခံမူများ (UN Basic Principles on the Role of Lawyers, 1990) အပိုဒ် ၁၆ မှ ၁၈ အထိ ပြဋ္ဌာန်းချက်များတွင် ရှေ့နေများအနေဖြင့် မလျော်ကန်သော ဟန့်တားနှောင့်ယှက်မှုနှင့် ခြိမ်းခြောက်မှု မခံရဘဲ မိမိတို့၏ အသက်မွေးဝမ်းကျောင်း တာဝန်များကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့် ရှိစေရန် အာမခံပေးရမည်ဟု ညွှန်းဆိုထားပါတယ်။

          တရားလွှတ်တော်ရှေ့နေများ ကောင်စီ အက်ဥပဒေ (Bar Council Act, 1929) ပုဒ်မ ၁၄(၁) နှင့် ရှေ့နေများ အက်ဥပဒေ (Legal Practitioners Act, 1879) ပုဒ်မ ၈ တို့အရ သတ်မှတ်ထားသော တရားရုံးများ၊အခွန်ဌာနဆိုင်ရာရုံးများ (Revenue-offices) နှင့် သက်ဆိုင်ရာ အာဏာပိုင်များ ( Authorities) ရှေ့မှောက်တွင် အမှုသည်ကိုယ်စား လိုက်ပါဆောင်ရွက်ခွင့် (Right to Appear, Plead and Act) ရှိသည့် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေကိုယ်စားလှယ်များ ဖြစ်ကြပါတယ်။

         ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်နေ့ Legal Practitioners Act ပြင်ဆင်ချက် (NDSC Law No. 12/2026) အရ တရားရုံးပြင်ပ ရှေ့နေအဖြစ် ဆောင်ရွက်ခွင့်များကို ဥပဒေနှင့်အညီ တိကျစွာ စိစစ်ကျင့်သုံးရန် လိုအပ်လာပါတယ်။


၁.၂။ အိစတိတ်အေဂျင်စီဘီဇနက်များအတွက် နိုင်ငံတကာနှင့် ပြည်တွင်းအခြေခံမူ

         ကမ္ဘာ့အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း (Real Estate Agency Business) သည် သာမန် လမ်းဘေးပွဲစားလုပ်ငန်း မဟုတ်ဘဲ စီးပွားရေးနှင့် ဥပဒေဆိုင်ရာ အထူးပြု ကျွမ်းကျင်မှုအပေါ် အခြေခံသည့် တရားဝင်အသက်မွေးဝမ်းကျောင်း အေဂျင်စီစနစ် ဖြစ်ပါတယ်။

          နိုင်ငံတကာ အိမ်ခြံမြေအသင်းချုပ် (International Real Estate Federation – FIABCI) နှင့် တော်ဝင်အိမ်လုံးချင်းငှား တိုင်းတာစစ်ဆေးရေးမှူးများအသင်း (RICS) တို့၏ နိုင်ငံတကာ ကျင့်ဝတ်စံနှုန်းများအရ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများဆိုတာ —

Fiduciary Duty (သစ္စာစောင့်သိမှု တာဝန်) — မိမိအကျိုးဆောင်ပေးနေသော ဝန်ဆောင်မှုရယူသူ (Principal) ၏ အကျိုးစီးပွားကို အမြင့်ဆုံး ကာကွယ်စောင့်ရှောက်ပေးရခြင်း၊

Transparency & Disclosure (ပွင့်လင်းမြင်သာစွာ ဖော်ထုတ်အသိပေးခြင်း) — ပိုင်ဆိုင်မှု သမိုင်းကြောင်း၊ ဥပဒေအရ ကန့်သတ်ချက်များနှင့် အရှုပ်အရှင်းများကို ဝယ်ယူသူနှင့် ရောင်းချသူနှစ်ဦးစလုံးထံ ဖုံးကွယ်ခြင်းမရှိဘဲ ဖော်ထုတ်ရှင်းပြရခြင်း၊

Professional Competence & Diligence (ကျွမ်းကျင်မှုဆိုင်ရာ လုံ့လဝီရိယ) — မြေယာနှင့် အဆောက်အအုံဆိုင်ရာ အချက်အလက်များကို သက်ဆိုင်ရာ အစိုးရမှတ်ပုံတင်ဌာနများတွင် တိကျစွာ စုံစမ်းစစ်ဆေး (Due Diligence) ပြီးမှသာ အရောင်းအဝယ် ပြုလုပ်ရခြင်း စသည့် တာဝန်ဝတ္တရားများကို မဖြစ်မနေ လိုက်နာကြရပါတယ်။


မြန်မာနိုင်ငံတွင်လည်း ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့၏ ၂၀၂၂ ခုနှစ် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွှန်ကြားချက် အမှတ် (၁/၂၀၂၂) အရ တရားဝင် မှတ်ပုံတင်ထားသည့် စီးပွားရေးလုပ်ငန်းရှင်များမှာမူ မြေယာနှင့် အဆောက်အအုံ ရောင်းဝယ်၊ ငှားရမ်းမှုဆိုင်ရာ စီးပွားရေး အေဂျင်စီ ဝန်ဆောင်မှု (Commercial Agency Services) ကို ဤကဲ့သို့သော ကျင့်ဝတ်စည်းကမ်းများနှင့်အညီ တရားဝင် လုပ်ကိုင်ခွင့် ရရှိထားသူများ ဖြစ်ကြပါတယ်။


၂။ အုပ်ချုပ်ရေးဌာနများအပေါ် စုံစမ်းမေးမြန်းခွင့် နှင့် လျှောက်ထားဆောင်ရွက်ခွင့် နှိုင်းယှဉ်ချက်

         ဥပဒေအကျိုးဆောင် ရှေ့နေများနှင့် တရားဝင် အိမ်ခြံမြေ အကျိုးဆောင်များသည် အစိုးရ အုပ်ချုပ်ရေးဌာနများနှင့် ထိတွေ့ဆက်ဆံရာတွင် မတူညီသော ဥပဒေအခြေခံများနှင့် လုပ်ပိုင်ခွင့်ဘောင်များကို အသီးသီး ကိုင်စွဲထားကြပါတယ်။

        အခြေခံဥပဒေ ရင်းမြစ်အရ နှိုင်းယှဉ်ပါက ဥပဒေအကျိုးဆောင် ရှေ့နေများ၏ ဆောင်ရွက်ခွင့်သည် တရားလွှတ်တော်ရှေ့နေများ ကောင်စီ အက်ဥပဒေ (Bar Council Act, 1929) နှင့် ရှေ့နေများ အက်ဥပဒေ (Legal Practitioners Act, 1879) တို့အပေါ်တွင် တည်မှီပါတယ်။ 

      တရားဝင် အိမ်ခြံမြေ အကျိုးဆောင်များ၏ ဆောင်ရွက်ခွင့်မှာမူ ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည့် ၂၀၂၂ ခုနှစ် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွှန်ကြားချက် အမှတ် (၁/၂၀၂၂) နှင့် ကူးသန်းရောင်းဝယ်ရေး စာချုပ်ဥပဒေ မူဘောင်များအပေါ်တွင် တည်မှီပါတယ်။

        လုပ်ပိုင်ခွင့်နယ်ပယ်တွင် ရှေ့နေများသည် သတ်မှတ်ထားသော တရားရုံးများ၊ ခုံရုံးများနှင့် အခွန်ဌာနများ (Revenue Offices) နှင့် အာဏာပိုင်များ (Authorities) ရှေ့မှောက်တွင် အမှုသည်၏ အခွင့်အရေးအတွက် ဥပဒေကြောင်းအရ လျှောက်ထားခြင်း၊ ခုခံချေပခြင်းနှင့် စာရွက်စာတမ်း တင်သွင်းခြင်းများကို တရားဝင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့် ရှိကြပါတယ်။

     အိမ်ခြံမြေ အကျိုးဆောင်များမှာမူ အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအဝယ်၊ အငှားဆိုင်ရာ စီးပွားရေး ကြားဝင်စေ့စပ်ပေးခြင်းနှင့် အေဂျင်စီ ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာ နယ်ပယ်အတွင်း၌ အဓိက လှုပ်ရှားဆောင်ရွက်ကြခြင်း ဖြစ်ပါတယ်။

       အုပ်ချုပ်ရေးဌာနများအပေါ် စုံစမ်းမေးမြန်းခွင့် (Right of Inquiry) နှင့် စပ်လျဉ်း၍ ရှေ့နေများသည် မိမိလိုက်ပါ ဆောင်ရွက်နေသည့် အမှုတွဲ သို့မဟုတ် ဥပဒေရေးရာ ကိစ္စရပ်များနှင့် ပတ်သက်သော စာရွက်စာတမ်း မှတ်တမ်းများကို သက်ဆိုင်ရာ ဌာန၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းများနှင့်အညီ တရားဝင် ကူးယူစစ်ဆေးခွင့် ရှိပါတယ်။ 

      အိမ်ခြံမြေ အကျိုးဆောင်များ အနေဖြင့်လည်း ညွှန်ကြားချက် အမှတ် ၁/၂၀၂၂ အရ မိမိတို့ တာဝန်ယူထားသည့် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ပြီးမြောက်စေရန် လိုအပ်သော မြေယာ၊ အဆောက်အအုံဆိုင်ရာ အချက်အလက်များနှင့် လုပ်ထုံးလုပ်နည်း လိုအပ်ချက်များကို သက်ဆိုင်ရာ အစိုးရဌာနများနှင့် အသင်းအဖွဲ့များထံသို့ စုံစမ်းမေးမြန်းခွင့် တရားဝင် ရှိနေပါတယ်။

    ကိုယ်စားပြုခွင့် အထောက်အထားပိုင်းတွင် ရှေ့နေများသည် တရားလွှတ်တော်ချုပ် သို့မဟုတ် ဘားကောင်စီက ထုတ်ပေးထားသော ရှေ့နေလိုင်စင်ကတ်ပြား၊ အမှုသည်ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ရှေ့နေခန့်စာ (Vakalatnama) သို့မဟုတ် တရားဝင် ကိုယ်စားလှယ်လွှဲစာ (Power of Attorney) တို့ဖြင့် အခွင့်အာဏာကို သက်သေပြကြရပါတယ်။ 

     အိမ်ခြံမြေ အကျိုးဆောင်များမှာမူ သက်ဆိုင်ရာ ကြီးကြပ်ရေးအာဏာပိုင်ထံတွင် မှတ်ပုံတင်ထားသည့် အကျိုးဆောင် မှတ်ပုံတင်ကတ်ပြား၊ ဝန်ဆောင်မှုရယူသူနှင့် ချုပ်ဆိုထားသော စီးပွားရေး အေဂျင်စီ စာချုပ် သို့မဟုတ် သတ်မှတ်ထားသည့် အထူးကိုယ်စားလှယ်လွှဲစာ (Special Power) တို့ဖြင့် တရားဝင် ရပ်တည် ဆောင်ရွက်ကြရပါတယ်။


၃။ ရှေ့နေရော၊ အေဂျင်စီပါ နှစ်မျိုးနှစ်စားလုံး ပဋိညာဉ်အက်ဥပဒေအရ ကိုယ်စားပြုခွင့်

အုပ်ချုပ်ရေးဌာနများတွင် ရှေ့နေနှင့် အကျိုးဆောင်တို့၏ ကိုယ်စားပြုခွင့်ကို ငြင်းပယ်ရာ၌ အခြေခံဥပဒေရေးရာ မေးခွန်းတစ်ခု မဖြစ်မနေ ပေါ်ပေါက်လာပါတယ် —

"သာမန် နိုင်ငံသား လူပုဂ္ဂိုလ် အချင်းချင်းတောင်မှ ဥပဒေအရ ကိုယ်စားလှယ်လွှဲအပ်၍ ဆောင်ရွက်ပိုင်ခွင့် ရှိနေပါလျှင် နိုင်ငံတော်က တရားဝင် လိုင်စင်ထုတ်ပေးထားသော ရှေ့နေများနှင့် မှတ်ပုံတင်ထားသော အေဂျင်စီ သက်မွေးပညာရှင်များ (Professionals) က ဘာကြောင့် အမှုသည်ကိုယ်စား လျှောက်ထား ဆောင်ရွက်ခွင့် မရှိရမည်နည်း။"


မြန်မာနိုင်ငံ ပဋိညာဉ်အက်ဥပဒေ (The Contract Act, 1872) အခန်း (၁၀) ပါ အေဂျင်စီဆိုင်ရာ ပြဋ္ဌာန်းချက်များသည် ဤပြဿနာအတွက် အခိုင်မာဆုံး ဥပဒေအခြေခံ ဖြစ်ပါတယ် —

ပုဒ်မ ၁၈၂ (Agent နှင့် Principal အဓိပ္ပာယ်ဖွင့်ဆိုချက်) — မည်သူမဆို မိမိကိုယ်စား အခြားသူတစ်ဦးအား လုပ်ငန်းဆောင်ရွက်စေရန် သို့မဟုတ် ပြင်ပတတိယလူများနှင့် ဆက်ဆံရာတွင် မိမိကိုယ်စား ကိုယ်စားပြုစေရန် တရားဝင် အခွင့်အာဏာ အပ်နှင်းနိုင်ပါတယ်။

ပုဒ်မ ၁၈၆ မှ ၁၈၈ (အပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာ) — အေဂျင်စီတစ်ဦး၏ လုပ်ပိုင်ခွင့်အာဏာသည် တိုက်ရိုက်ဖော်ပြချက်အရသော်လည်းကောင်း၊ သဘောသက်ရောက်မှုအရသော်လည်းကောင်း တည်ရှိနိုင်ပြီး၊ ပင်မလုပ်ငန်းကို ပြီးမြောက်စေရန် တရားဥပဒေနှင့် ညီညွတ်သော မည်သည့်ကိစ္စကိုမဆို ဆောင်ရွက်ပိုင်ခွင့် (Authority to do every lawful thing) ရှိပါတယ်။

၁၈၈၂ ခုနှစ် ကိုယ်စားလှယ်လွှဲစာ အက်ဥပဒေ (The Powers of Attorney Act, 1882) ပုဒ်မ ၂ — တရားဝင် အာဏာလွှဲအပ်ခံရသူသည် လွှဲအပ်သူ၏ အမည်ဖြင့် စာချုပ်စာတမ်းများ ချုပ်ဆိုခြင်း၊ လျှောက်ထားခြင်းနှင့် လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး၊ ယင်းဆောင်ရွက်ချက်သည် မူလပိုင်ရှင်ကိုယ်တိုင် ပြုလုပ်သကဲ့သို့ တရားဝင် အာဏာတည်စေရမည်ဟု အတိအလင်း အာမခံထားပါတယ်။


          ဤဥပဒေ ပြဋ္ဌာန်းချက်များအရ စည်ပင်သာယာရေးကော်မတီ (YCDC/MCDC) မြေယာဌာနများနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန (အိုးအိမ်ရုံး) များတွင် အောက်ပါ လုပ်ငန်းစဉ်များကို ဥပဒေဘောင်အတွင်းမှ ထောင့်စေ့အောင် ကိုယ်စားပြု ဆောင်ရွက်နိုင်ပါတယ် — 


၁။ မြေယာမှတ်တမ်းနှင့် မြေပုံမြေရာဇဝင် (ပုံစံ ၁၀၅/၁၀၆) စစ်ဆေးလျှောက်ထားခြင်း — အမှန်တကယ် ပိုင်ရှင်၏ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) သို့မဟုတ် ဝန်ဆောင်မှု ပဋိညာဉ်အရ စည်ပင်မြေယာဌာနတွင် တရားဝင် စုံစမ်းလျှောက်ထားခြင်း၊ 

၂။ အမည်ပေါက်ပြောင်းလဲခြင်းနှင့် ဂရန်သစ်/ဂရန်ခွဲ လျှောက်ထားခြင်း — အရောင်းအဝယ် မှတ်ပုံတင်စာချုပ်များအရ ဆောင်ရွက်ရာတွင် ရှေ့နေ သို့မဟုတ် အကျိုးဆောင်က အမှုသည်ကိုယ်စား လိုအပ်သော စာရွက်စာတမ်း တင်သွင်းမှုများ ဆောင်ရွက်ခြင်း၊ 

၃။ အိမ်ရာပိုင်ဆိုင်ခွင့် အထောက်အထား (တိုက်ခန်းစာအုပ်/မှတ်တမ်း) လွှဲပြောင်းစစ်ဆေးခြင်း — အိုးအိမ်ဦးစီးဌာန ရုံးများတွင် တိုက်ခန်းပိုင်ဆိုင်မှု စာရင်းစစ်ဆေးခြင်း၊ ကြွေးကျန်ကင်းရှင်းကြောင်း စိစစ်ခြင်းနှင့် အမည်ပြောင်း လျှောက်ထားမှုများ ပြုလုပ်ခြင်း။ စသဖြင့်၊ စသဖြင့်။

     နိုင်ငံတော်က တရားဝင် အသိအမှတ်ပြုထားသည့် ရှေ့နေနှင့် အကျိုးဆောင်များသည် ဥပဒေအရ စည်းကမ်းထိန်းသိမ်းခံရပြီး တာဝန်ခံမှု (Professional Liability) အပြည့်ရှိသည့် ပညာရှင်များ ဖြစ်ကြပါတယ်။ 

      ဤသို့သော ပညာရှင်များကို အုပ်ချုပ်ရေးရုံးများက "ပွဲစား" ဟု ခေါင်းစဉ်တပ်ကာ တံခါးပိတ်လိုက်ခြင်းသည် နိုင်ငံသားတို့၏ ပဋိညာဉ်အက်ဥပဒေအရ ကိုယ်စားလှယ်လွှဲအပ်ပိုင်ခွင့်နှင့် ပညာရှင်တို့၏ တရားဝင် လုပ်ပိုင်ခွင့်ကို ဥပဒေအခြေခံမရှိဘဲ ပိတ်ပင်ရာ ရောက်စေပါတယ်။


၄။ Tout (တရားမဝင် ကြားပွဲစား) နှင့် ခွဲခြားသိမြင်ခြင်း

Legal Practitioners Act ပုဒ်မ ၃ အရ "Tout" ဆိုသည်မှာ တရားရုံး သို့မဟုတ် အခွန်ရုံးများတွင် လှည့်လည်၍ အကျိုးဆောင်ခ ရယူကာ အမှုရှာဖွေပေးသူကိုသာ ဆိုလိုပြီး၊ ပုဒ်မ ၃၆ အရ တရားရုံးက သီးခြား စုံစမ်းစစ်ဆေးပြီးမှသာ ပွဲစားအဖြစ် တရားဝင် စာရင်းသွင်း ကြေညာရခြင်းခံသူကိုသာ ဆိုလိုတာဖြစ်ပါတယ်။

သို့ဖြစ်ရာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးများ၊ စည်ပင်သာယာနှင့် မြေစာရင်းဌာနများသို့ —

နိုင်ငံတော်က လိုင်စင်ထုတ်ပေးထားသော ရှေ့နေများ၊

ညွှန်ကြားချက် ၁/၂၀၂၂ အရ မှတ်ပုံတင်ထားသော အိမ်ခြံမြေ အကျိုးဆောင်များ၊

တရားဝင် ကိုယ်စားလှယ်လွှဲစာ (Power of Attorney – POA) ရယူထားသူများသည် 

တရားမဝင် ကြားပွဲစားများ လုံးဝ မဟုတ်ကြပါ။


၅။ AML/CFT မူဘောင်အောက်ရှိ ဘုံတာဝန်နှင့် စိန်ခေါ်မှု

    ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်တွင် ပြဋ္ဌာန်းခဲ့သော ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ (NDSC Law No. 16/2026) ပုဒ်မ ၃ အရ ရှေ့နေများ (သတ်မှတ်ထားသော ဘဏ္ဍာရေး/ပိုင်ဆိုင်မှု လွှဲပြောင်းမှုများ၌) နှင့် အိမ်ခြံမြေ အကျိုးဆောင် နှစ်ရပ်စလုံးသည် DNFBPs (ငွေကြေးဆိုင်ရာမဟုတ်သော စီးပွားရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း ပညာရှင်များ) အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ (FATF Recommendations 22 & 23 နှင့် အညီ ဖြစ်ပါတယ်)။

        သူတို့နှစ်မျိုးစလုံးသည် အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်ရာတွင် ဖောက်သည်အား စိစစ်ခြင်း (Customer Due Diligence – CDD) နှင့် အမှန်တကယ် အကျိုးခံစားခွင့်ရှိသူ (Beneficial Ownership) ကို စိစစ်ဖော်ထုတ်ရမည့် တာဝန်ရှိသူများ ဖြစ်ကြပါတယ်။

         အုပ်ချုပ်ရေးဌာနများတွင် သူတို့အား မြေပြင် စုံစမ်းမေးမြန်းခွင့်နှင့် မှတ်ပုံတင်ခွင့် ပိတ်ပင်လိုက်ပါက တရားမဝင် မြေအောက်ငွေကြေး စီးဆင်းမှုများကို စိစစ်မည့် Gatekeeper စနစ်တစ်ခုလုံးကို အားနည်းသွားစေနိုင်ပါတယ်။


၆။ အုပ်ချုပ်ရေးအာဏာနှင့် သင့်တင့်မျှတမှု မူဘောင်

      အုပ်ချုပ်ရေး အာဏာပိုင်များ၏ စီမံခန့်ခွဲပိုင်ခွင့် (Administrative Discretion) သည် အကန့်အသတ်မဲ့ မဟုတ်ပါ။ ဥပဒေက အပ်နှင်းထားသော အာဏာကို ရည်ရွယ်ချက် မှန်ကန်စွာ အသုံးချရမည်ဖြစ်ပြီး သက်ဆိုင်သော အချက်အလက်များကိုသာ အခြေခံရပါတယ်။

      ဗြိတိန် အုပ်ချုပ်ရေးဥပဒေ စီရင်ထုံးဖြစ်သည့် Associated Provincial Picture Houses Ltd. v. Wednesbury Corporation [1948] တွင် အုပ်ချုပ်ရေး အာဏာပိုင်တစ်ဦး၏ ဆုံးဖြတ်ချက်သည် အလွန်အမင်း အကျိုးကြောင်းဆီလျော်မှု မရှိနေပါက (Wednesbury Unreasonableness) တရားရုံးက ဝင်ရောက်စွက်ဖက် ပယ်ဖျက်နိုင်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။

      ဒါကြောင့် ရည်ရွယ်ချက် မှန်ကန်စေကာမူ “ရှေ့နေနှင့် အကျိုးဆောင်ဟူသမျှ လုံးဝ ဝင်ခွင့်မပြု” ဟူသည့် သိမ်းကျုံးတားမြစ်မှု (Blanket Ban) ကို ဥပဒေနှင့်အညီ သင့်တင့်မျှတမှု ရှိ/မရှိ ပြန်လည် စိစစ်ရမှာ ဖြစ်ပါတယ်။

     ထို့အတူ Ridge v. Baldwin [1964] အမှုတွင်လည်း အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များဟာ လူတစ်ဦး၏ အခွင့်အရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအပေါ် သက်ရောက်မှုရှိပါက သဘာဝတရားမျှတမှု (Natural Justice) နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ တရားမျှတမှု (Procedural Fairness) ကို မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည်ဟု လမ်းညွှန်ခဲ့ပါတယ်။


၇။ စီမံခန့်ခွဲမှု ထွက်ပေါက်

အုပ်ချုပ်ရေးဌာနများ အနေဖြင့် ရုံးတွင်းစည်းကမ်းကို အကြောင်းပြကာ လူကို ဆိုင်းဘုတ်ဖြင့် သိမ်းကျုံး တားမြစ်ခြင်း (Blanket Ban) ထက် —ဘားကောင်စီ ရှေ့နေကတ်ပြား၊

အိမ်ခြံမြေ အကျိုးဆောင် မှတ်ပုံတင်ကတ်ပြား၊

တရားဝင် အထူးကိုယ်စားလှယ်လွှဲစာ (Special Power) သို့မဟုတ် အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တို့ကို စနစ်တကျ စိစစ်လက်ခံသည့် Regulatory Verification စနစ်သို့ ကူးပြောင်းကျင့်သုံးသင့်ပါတယ်။

        အချုပ်အားဖြင့်ဆိုရသော် ရှေ့နေသည် နိုင်ငံသားတို့၏ ဥပဒေကြောင်းဆိုင်ရာ အခွင့်အရေးကို အကာအကွယ်ပေးသည့် တရားဥပဒေစိုးမိုးရေး မဏ္ဍိုင်ဖြစ်ပြီး၊ တရားဝင် အကျိုးဆောင်သည် ပွင့်လင်းမြင်သာသော စီးပွားရေးဈေးကွက်ကို မောင်းနှင်သည့် အေဂျင်စီစနစ် ဖြစ်ပါတယ်။

        ဤကဏ္ဍနှစ်ရပ်၏ ဥပဒေပါ မေးမြန်းစုံစမ်းခွင့်နှင့် ကိုယ်စားပြုခွင့်များကို အုပ်ချုပ်ရေးဌာနများက အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်မှသာ ခေတ်မီပြီး တရားဥပဒေနှင့် ညီညွတ်သော မြို့ပြစီမံခန့်ခွဲမှုစနစ်ကို တည်ဆောက်နိုင်မည် ဖြစ်ပါတယ်။


                                                                                                                  ဒေါက်တာဖိုးဖြူ | D.Litt (Law), LL.M (UK)

                                                                                                              ( ကော်ပိုရိတ် ဥပဒေကျင့်သုံးမှုရေးရာ ဒါရိုက်တာ)

                                                                                                                           Viber: 09 960 278 100

ခြင်္သေ့ လမ်းညွှန်
ရုံးမှ ဤတွင် ပြန်ဖြေနိုင်သည်